အချိန်သည်လည်း ကျော်ဖြတ်ကူးသွားတဲ့.. မြစ်တစ်စင်းလို..
ငါကိုယ်တိုင် ဟိုဖက်ကမ်းရောက်သွားခဲ့ပြီးတောင်မှ
ဟိုဖက်ကမ်းကို ရောက်နေခဲ့မှန်းမသိခဲ့…။
နှစ်ကြိမ်မဆင်းနိုင်တော့ ဘယ်ရေကိုဘယ်ရေမှန်းမသိ
ယောင်ဝါးဝါးနဲ့ ကမ်းသာဆင်းလိုက်ခဲ့ရပြီ…။
လက်ချိုးရေလို့ စိတ်ထဲမှာမှတ်
ငါ့အသက် ဘဝတစ်ဝက်ကျိုးခဲ့ပြီးတော့မှ
နင်ကအချစ်ဆိုတာကို မသိရကောင်းရော့လားတဲ့…။
ငါ့ကို ထုခဲ့နှက်ခဲ့ အကြိမ်ကြိမ်
ပြုံးခဲ့မဲ့ခဲ့ဖူးတဲ့…ဟောဒီမျက်နှာပေါင်းတစ်သောင်း
နင်ဘယ်နှယ့်လို့…ပြောရက်ခဲ့သလားကွယ်…။
မသိလိုက်မသိဖာသာနေတိုင်း
ငါ..အာရုံတွေမရှိလို့ နင်ထင်ရင် မှားလိမ့်မယ် “ မီးကျီ”…။
နောက်မြစ်တစ်စင်းကို ငါမကူးခင်
နင့်ကို ဒီမှာတင် နှုတ်ဆက်လိုက်ပါ့မယ်…
ငါပေးနိုင်တာတွေပေးခဲ့ပြီးတောင်မှ
နင်မပြည့်ဝသေးဘူး ထင်ချင်သေးရင်လည်း ထင်ကျန်ရစ်ပါစေလေ…
ငါကတော့ လှမ်းမြင်နေတုန်း လက်ပြလိုက်ဦးမယ်…
ကျန်နေဦးရစ်တော့ ဒီကမ်းပါးထိပ်ဆီမှာပဲ “မီးကျီ” ရယ်…..
မနှုတ်ဆက်လိုက်ပါနဲ့ ညီမရယ်..
ReplyDeleteမီးကျီ ကို ပြောပြတဲ့ ကဗျာလေးတွေ ဆက်ဖတ်ချင်သေးလို့ပါ။
အချစ်ဆိုတာကိုလဲ ယုံကြည်တယ်လို့ ပြောပြလိုက်ပါ။