10 December 2009

မီးကျီ ၁


ငါ မနေ့ က အိမ်မက် မမက် ခဲ့ ဘူး..

အိမ်မက် မမက် တဲ့ အကြောင်း နင့်ကို ငါပြောပြရလိမ့်မယ် ‘မီးကျီ’


ဗလာဟင်းလင်းထဲ ငါတို့ ဘယ်တော့ရောက် ကြမှာလဲ..

နင်က ဝတ်တုန်း စားတုန်း ပျော်တုန်း မော်တုန်း

ငါ့ကို ရှေ့ နှစ်တွေအတွက် မျှော်လင့်ခိုင်းနေတုန်း

ဘယ်မှာလဲ ငါရပ်နေခဲ့တယ် ဆိုတဲ့နေရာ..

လူတွေ စုစုရုံးရုံး ပြုံးကြမော်ကြ နေနေခဲ့ကြတယ် ဆိုတဲ့ တနင်္ဂနွေ တစ်ပတ်..

အဲဒါငါ့ကိုပြခဲ့စမ်းပါဦး

ငါ့လက်ဖဝါးထဲထည့်ပြီး နောက်တကြိမ် သေချာချင်မိပါရဲ့ …


မနေ့ ကလည်းလေ

တနေ့ ကလိုပါပဲ.. ငါ အိမ်မက် မမက် ခဲ့ ဘူး..

နင်က အပြာရောင်အိမ်လေး လိုချင် သတဲ့

လူလိုသူလိုနေထိုင်ချင် သတဲ့

တံဆိပ်ထင်းထင်း ဝင်းနေတဲ့ ဟိုတမျိုး ဒီတမျိုး ပိုင်ချင်ပါ် သတဲ့

ငါက ဟောဒီ စက်ဘီးအိုကလေးတောင်

မမက်မောချင် တော့ပါကွယ်…


မီးကျီရယ်

ငါ့ကိုသနားပါ..

ငါဟာအိပ်မက်ဆိုတာကိုတောင် မပိုင် ခဲ့သူပါ

လူထူထူဆို ခေါင်းငုံ့ နှိမ့်ချနေရသူပါ

သခင်ကြီးတွေ ကလည်း အများသားလားဟယ်..

နင့်ကိုတော့ငါ ပြောပြရပါဦးမယ်..

ဘုရားစူးပါ…

ငါတနေ့ ဆို တနေ့ မှ အိပ်မက်မမက်ခဲ့ဖူးပါဘူး မီးကျီရယ်

နင်သိရအောင်ပါလေ….



1 comment:

  1. ညီမရေ
    ဘလော့ လုပ်ပြီလား ၀မ်းသာလိုက်တာ။
    အမက ကဗျာရေးကောင်းလို့ ဘလော့လုပ်ပါလား ပြောတော့မလို့။
    ဟို ရေးလက်စတယောက်လဲ ရေးခိုင်းပါအုံး ညီမရေ။
    အမ သိပ်ဝမ်းသာတယ်။
    ချစ်တဲ့
    အမ

    ReplyDelete