ဈေးထဲမှာ
ငါးအရှင်လတ်လတ်တွေ
ရေမရှိ ရေမထိ
ဗန်းထဲထည့် ချပြထားလေရဲ့ ..
အဲဒီမှာ
မောင်ချောနွယ်ကို သတိရမိတယ်
သူ့ မှာတော့
ရေချိုငါးသလောက်နဲ့  ငဖျင်းကိုမြင်ပြီး
“လူကြိုက်နည်းတဲ့ကောင်” ရှိခဲ့ဖူးလို့ ပါ..။
ဟောဒီမှာကျ
ငါးအရှင်လတ်လတ်တွေ
တဖျတ်ဖျတ်လူးနေကြပုံ များ..
ကိုယ်မတတ်နိုင်ဘူး
ဒီငါးတွေ အကုန်ဝယ်ပြီး ရေထဲလွှတ်လိုက်ဖို့ 
ကိုယ်မတတ်နိုင်ဘူး
အဲဒီငါးတွေ ကုန်စင်အောင် ရေထဲပြန်လွှတ်ပေးခဲ့ရင်တောင်
နောက်တနေ့  ရောက်လာမယ့် ငါးတွေအတွက်
ကိုယ်မတတ်နိုင်ဘူး
ကိုယ်တကယ်မတတ်နိုင်ဘူး
ကိုယ်မတတ်နိုင်တာတွေများလှပြီ…။
‘ယဉ်ကျေးပြီး အဓိပ္ပာယ်မဲ့တဲ့ စကားလုံးတွေ..’ တဲ့
William Butler Yeats က ကဗျာတစ်ပုဒ် ထဲမှာ ပြောတယ်
အဲဒီစကားလုံးတွေနဲ့  တွန့် ချည် ရှုံ့ ချည် နှုတ်ခမ်းပေါင်းများစွာ..ကိုယ်ဖြတ်သန်းခဲ့ဖူးပြီ..
မယဉ်ကျေးတဲ့..ဟောဒီ ကိုယ့်ရဲ့  နှုတ်ခမ်းတွေဟာဆိုရင်လေ..
အဓိပ္ပာယ်ရှိတာတွေလည်း ပြောပြချင်ပါသေး သတဲ့..
ကိုယ်မတတ်နိုင်ဘူး…
လောကကြီးထဲမှာ.. တုံးတိုက်ကျားကိုက် နေထိုင်ရင်း
လူတစ်ယောက်စ..နှစ်ယောက်စလေး လောက်တောင်
ပျော်ရွှင်သာယာအောင် ကိုယ်မစွမ်းဆောင်နိုင်ခဲ့ဘူး
အဲဒီ ပျော်ရွှင်မှု ဆိုတာဟာ
ဝတ္ထု ပစ္စည်းဖြစ်ခဲ့ရင်
ကိုယ့်ရှိစုမဲ့စုတွေ အားလုံးနဲ့ ..အများကြီးဝယ်ပေးချင်ပါရဲ့ 
ခုတော့ ကိုယ်မတတ်နိုင်ဘူး
လမ်းလျှောက်တိုင်း ကောင်းကင်ကို မော့မော့ ကြည့်တာ
မျက်ရည် ရေတိမ်မှာ နစ်သွားမှာစိုးနေလို့ ပါ..
ရှေ့ ကလာသူ ဘယ်သူ ဘယ်ဝါ
ကိုယ်မသိလိုက် မမြင်လိုက်မိဘူး
ကြာကြာ မဝါးလည်း ခါးမှန်းတော့သိပါရဲ့ ..
ကိုယ့်ကိုချစ်ခင် လို့ 
အိမ်အမေး လာကြသူတွေကိုတောင်
ကဗျာတစ်စ စာတစ်စ
လင်ပန်းစုတ်ကြီးထဲ
မသပ်မရပ် စုကောက်ထည့်ပြီး
ကျွေးချင် မွေးချင်မိနေတာ ကလွဲလို့ 
ဘာဆိုဘာမှ မတည်ခင်းလိုက်နိုင်ဘူး
ကမ္ဘာကြီးမီးလောင်နေတာ မြင်ရတယ်
သားကောင်တွေလည်း ခုဆို ကုန်လောက်ရောပေါ့..
ဒီကမ္ဘာတစ်ခုထဲမှာပဲ …ကိုယ်ရှိနေပါလျက်နဲ့ 
လေမပင့်အောင်တောင်.. မကူပေးနိုင်ခဲ့ဘူး
သူ့ ကိုချစ်လျက်နဲ့ 
သူသေပြီး နှစ်သုံးဆယ် မှာမှ ကိုယ်မွေးတယ်..
သူမရှိတော့.. ခု ကိုယ်တို့ တတွေ ဒုက္ခ ဆိုးဆိုး တွေ့ ပြီပေါ့
အဲဒီဒုက္ခ ပင်လယ်ဝေနေတဲ့ အကြောင်း
ကိုယ့်ရင်ဘတ်စည်တီးပြီး
သူ့ အိမ်ရှေ့ မှာတောင် အော်မပြောပြနိုင်တော့ဘူး..
ဘုရားသခင်ကိုချည်း အပြစ်မပုံချပါနဲ့ ..
သူလည်း တတ်သလောက်တော့ ဖန်ဆင်း ပေးခဲ့ရှာမှာပါ..
ဒါပေမယ့်..
လူဖြစ်လာပြီး တော့မှ
နှလုံးသားနဲ့  ဦးနှောက်ကို
လက်ဝါးကြီး အအုပ်ခံ ထားရတဲ့သူ တွေရှိတယ်
လူဆိုတဲ့ သဘောသဘာဝ လေးကိုတောင်
မကာကွယ်နိုင်ခဲ့ဘူး
နှလုံးသားနဲ့  ဦးနှောက်
ကြီးလွန်း ထွားလွန်း သန်မာလွန်း ရင်လည်း
အလိုမပါ ဘဲ
နံရံ တဖက်ခြားကို ရောက်ရောက်သွားသူတွေချည်း ပေါ့..
အဲဒါ ကိုယ်မတတ်နိုင်ဘူး
…
ကိုယ်မတတ်နိုင်ဘူး
…
ကိုယ်မတတ်နိုင်ဘူး
…
ကိုယ်မတတ်နိုင်ဘူး
ကိုယ်မတတ်နိုင်တာတွေ တကယ်ကို များတယ်…။
ခုတော့
ကိုယ်တစ်ယောက်တည်း
ဈေးလည်ခေါင်မှာရပ်လို့ …
ခုနက ငါးတွေဆီ..မျက်လုံး ခဏခဏ ရောက်ပါရဲ့ …
တဗွက်ဗွက် အော်မြည် ထနေတဲ့ဆီပူပူမှာ..
အရေခွံလန်အောင် အကြော်ခံရမှာလား..
ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ
မြုပ်ကနဲ ပေါ်ကနဲ အပြုတ်ခံကြရမှာလား
ကိုယ်မတတ်နိုင်တာတွေ..
ကိုယ်မတတ်နိုင်တဲ့အကြောင်း
အသေအချာ မတွေးလိုက်နိုင်သေးခင်မှာပဲ..
ငါးတစ်ကောင်ကို ဇက်ကနဲ ဆွဲလို့ ယူသွားခဲ့ပြီ
ကိုယ့်ဘေးမှာ….
..
‘ခွပ်ကနဲ’ ပဲတဲ့….။
..
..
ကိုယ်မတတ်နိုင်လိုက်ဘူး…။