ငါလမ်းလျှောက်ရင်းတွေးတယ်/ထိုင်နေရင်း/တိမ်အဖြူရောင်တောက်တောက်ကို မော့ကြည့်ရင်း/အိပ်ရာထက်လဲလျောင်းနေရင်း/ပင်လယ်ကိုမျက်နှာပြုရင်း/
လောကကြီးမှာ ရှိတာတွေက အများကြီးပေါ့ မီးကျီ
ဥပမာ - လူ _ ကြောင် _ တိုက်တာအဆောက်အဦ _ ကြယ်တာရာ _ ပန်းခင်း
အနုပညာ _ ချစ်ခြင်း _ လူသားချင်းစာနာမှု…
ဥပမာ - လွတ်လပ်ပျော်ရွှင်တဲ့ ရင်ခုန်သံ _ ငြိမ်းအေးမှု _ နင့်ရဲ့  မွှေးရနံ့ ..
ဥပမာပေါ့လေ..
လောကကြီးမှာ ကောင်းခြင်းတရားတွေပဲ ရှိတယ်လို့  ငါထင်ပါတယ်…
ကောင်းခြင်းတရား မှာ နောက်ကျော မရှိဘူး
မျက်နှာ နှစ်ဖက် မရှိဘူး
ဘယ်ဘက်ပဲ လှည့်လှည့် .. ပကတိပြယုဂ်က တစ်မျိုးတည်းပဲ
အဲသလို ငါယုံတယ်…။
တစ်ည…. ကြယ်တွေသိပ်မလင်းပေမယ့်လို့ … လရောင်ဖျော့ဖျော့ရှိတဲ့ တစ်ည…
အဘွား နဲ့  ငါ တိုက်တွေကြားက ကောင်းကင် ကို မော့ကြည့်တုန်း
ငါ ။ --- ။ “ကောင်းကင်ကြီးက ပြုံးနေတယ် အဘွားရဲ့ …”
အဘွား။ --- ။ “အဲဒါ မင်းငယ်သေးလို့ ပါ.. ငါ့မြေးရယ် ” တဲ့…။
တကယ်တော့ ငါ ဘယ်တော့မှ ကြီးပြင်းလာမှာ မဟုတ်ဘူး မီးကျီ
င့ါ ရင်ထဲက မီးတောက်အလင်းက အဲဒီတစ်ညတုန်းကလိုပဲ .. သေးငယ်ပေမယ့် စူးရှနေဆဲပဲ…
ဘယ်အချိန် ငါမော့ကြည့်ကြည့်…ကောင်းကင်ကြီးကလည်း ပြုံးရယ်နေတုန်းပဲ…
ဘယ်နှစ်ခါပဲ လဲကျကျ ကလေးတစ်ယောက်ဟာ ငိုယိုပြီး လူးလဲထ..
မျက်နှာက သနပ်ခါးတွေ ပေပျက်နေပေမယ့်လို့ …
ရင်ထဲက မီးတောက်အလင်းလေးက ကြည်လက်နေတတ်တယ်…
ခဏခဏ ငါလဲကျခဲ့တယ်
ဒါပေမယ့် ငါဘာမှ မပြောင်းလဲဘူး …
..........ပုရွက်ဆိတ်လေးတွေရဲ့ ဓလေ့သဘာဝကို တအံ့တသြ စောင့်ကြည့်နေချင်တုန်းပဲ ….
လီဆယ်မှုတွေကို လီဆယ်မှုတွေလို့ မယုံကြည်နိုင်သေးဘူး….
ပြုံးလိုက်မဲ့လိုက် ဝရုန်းသုန်းကား ဖြစ်နေတဲ့ ဟစ်ပိုခရစ်တွေကို မြင်ရင် သဘောတကျ ရယ်မောနေမိတယ်..
မနက်ခင်းနေရောင်ခြည်/ တေးသံ/ မိုးရေစက်/ တောင်တန်း/ ဇီဇဝါပန်းရနံ့  လိုပဲ..
လူုတွေအားလုံးဟာ ငါ့အတွက်တော့ တမျိုးတဖုံ ချစ်စရာကောင်းတာချည်းပဲ..
မိတ်ဆွေ အရေခြုံ သွေးလေခြောက်ခြားနေသူတွေကိုတောင် ချစ်နေတတ်ပါသေးတယ်….။
ငါ့ရင်ထဲက မီးတောက်ကလေးဟာ..
ငါ့အတွက် နင့်အတွက် ကောင်းခြင်းတရားတွေရှိတဲ့ လောကကြီးအတွက်…
သနပ်ခါး ကွက်ကြား တဝက်တပျက် ဖြစ်နေလျက်နဲ့
ငါ အကြိမ်ကြိမ် လူးလဲထ
ငါ အကြိမ်ကြိမ် မားမားမတ်မတ်ရပ်
မီးတောက်အလင်းရဲ့ နွေးထွေးမှု နဲ့ ရှေ့ကိုဆက်လျက်ပဲ...
ငြိမ်းအေးမှုဆိုတာ ကောင်းကင်ဘုံ တက်မှ မဟုတ်ပါဘူး မီးကျီရယ်…
လောကကြီးရဲ့  ကောင်းခြင်းတရားကို ငါသိပ်ချစ်တယ်..
ဖြစ်တည်ခြင်း ပျက်စီးခြင်းတရားကို ငါသိပ်ချစ်တယ်…
ဘာမှ မရှိခြင်းကို ငါသိပ်ချစ်တယ်..
သဘာဝတရား ရဲ့  လည်ပတ်စီးဆင်းမှုကို ငါသိပ်ချစ်တယ်..
လူသားဆန်ခြင်းကို ငါသိပ်ချစ်တယ်..
မေတ္တာတရား ကို ငါသိပ်ချစ်တယ်…
ပြီးတော့
နင့်ကို ငါသိပ်ချစ်တယ်..
ဘယ်သူတွေက ဘယ်သူတွေကို…ဘယ်လောက်ထိ ချစ်နိုင်ခဲ့မလဲ…
လောက ဓမ္မတာထဲမှာ လည်နေတဲ့ငါ..
တစ်နေ့ တော့ ပျောက်သွားရမှာပါပဲ..
အဲဒါ ဘယ်နေ့ လဲ … ဘယ်နေ့ လဲ … ဘယ်နေ့ လဲ …
ဘယ်နေ့ ပဲဖြစ်ဖြစ်ပေါ့… မီးကျီ..
အလုံးစုံ ကောင်းမွန်ပြည့်စုံခြင်း ဆိုတာ.. တကယ်တော့အဲဒါပါပဲ…။
နိုဝင်ဘာ ၃ ၂၀၁၀
ညနေ ၃း၅၈
ပြတင်းတံခါးရဲ့  ယင်းလိပ်က ကိျုး ပဲ့ပဲ့
ရိတ်ပြီးခါစ စိမ်းရွှင်ရွှင် မြက်ပေါက်ရိုင်းတွေ လည်း ပျံ့ နေ လွင့်နေ
ပူပြင်း ချစ်တောက် နေ့ လယ်ခေါင်တစ်ခုမှာ
ငါတော့ နင့်ကိုပဲ သတိရနေပါတယ်.. မီးကျီ
ငါ နင့်ကို သတိရတော့
ငါ အိမ်ကို သတိရ ပါတယ်..
ငါ အိမ်ကို သတိရတော့
ကော်ဖီနံ့  ကရမက် နဲ့  သစ်သားလှေခါးအို ကိုသတိရတယ်
ဒီမှာဘက်ကို သတိရတော့
ဟိုမှာဘက်ကို သတိရ ပြန်တယ်
ဒီလိုနဲ့  ငါရှည်ရှည်ဝေးဝေး သတိရနေမိတယ်…။
ငါကိုယ်တိုင်ရဲ့ အရိပ်အရောင်တွေ
ဒီပူလောင်လောင် နွေ အခန်းထဲက ပုံပျက်ပန်းပျက် အိပ်ယာပေါ်မှာ
အနားမှာ… ရှေ့ မှာ… နောက်မှာ
လူးလာတုံ့ ခေါက်…
ငါဟာ သေးသွားလိုက် ကြီးလာလိုက် ဖောင်းနေလိုက် ပိန်နေလိုက်
ကျူ့ံလိုက် ကားလိုက် လျော့လိုက် ပွားလိုက်…
နွေရာသီပေါင်း အချီချီ
မေ့မလိုလိုနဲ့ မမေ့တဲ့ နွေရာသီတွေချည်းပါ..။
အကောင်အထည် ဆုပ်ကိုင်မပြနိုင်ပေမယ့်လို့ သောကဆိုတာ..
ရင်ကိုရော ကျောကိုရော မျက်စိကိုရော နားကိုရော …
ခေါင်းရော ကိုယ်ရော ခြေရော လက်ရော ပါးစပ်ရော…
အကုန်သိမ်း ဆော် တာချည်းပဲ…
သက်သေ မထင်ကျန်ခဲ့လို့  နင်မယုံဘူးမဟုတ်လား မီးကျီ…
သက်သေ မရှိတဲ့အခါ ပိုလောင်မြိုက်ရတယ်
ခြေမကိုင်မိ လက်မကိုင်မိနဲ့  နေပြင်းပြင်းအောက် ပြာပုံပေါ် တစ်ကောင်တည်းလျှောက်ရတဲ့ သောကပါ..။
နင့်ကို ငါ ကဗျာတစ်ပုဒ် ရွတ်ပြပါမယ် မီးကျီ..
“မကြာခဏ ကမ္ဘာမြေကို မှန်းဆကြည့်မိတယ်…” တဲ့***
“မကြာခဏ ကမ္ဘာမြေကို မှန်းဆကြည့်မိတယ်
ကျွန်တော်တို့  တတွေ ဖြစ်တည်လာကြတဲ့ အက်တမ်တွေရဲ့ မျက်လုံးက တဆင့်ပေါ့..
အက်တမ်တွေ ဆန်းပါပေ့
အက်တမ်တွေ နေရာတကာမှာ..
ကျွန်တော်မရှိ ခင်ဗျားမရှိ သဘောတရားဆိုတာမရှိ
အစမရှိ အလယ်မရှိ အဆုံးမရှိ…
တရုတ် ဒဏ္ဍာရီထဲက ငှက်တွေလို…
တောင်ပံ တစ်ဖက်တည်းစီနဲ့  ထူးဆန်းအံ့ဖွယ်ရာ အကောင်ပေါက်ကြလို့ 
ခင်ဗျားနဲ့  ကျွန်တော်.. မိုးမြင့်မှာအတူတကွ ပျံသန်းရင်း
တစ်ဦး နဲ့ တစ်ဦး အိမ်ကိုပြန်ဖို့ ကူညီကြလို့  ပေါ့….”
ဒီနွေရာသီ ငါတို့  အိမ်မပြန်နိုင်သေး ပေမယ့်..
နင့်တောင်ပံတစ်ဖက် ခတ်သံရယ်… ငါ့တောင်ပံတစ်ဖက် ခတ်သံရယ်..
ကမ္ဘာမြေပေါ် တဖျတ်ဖျတ် အသံပေးရင်း..
မီးကျီ..
ဒီနွေရာသီကုန်တော့မယ်တဲ့..
အဲဒါ ငါသိနေတယ်…။
***အမေရိကန် ကဗျာဆရာ Dan Gerber ရေးဖွဲ့ သော ကဗျာ Often I Imagine the Earth
(၁)
ဧရာဝတီကို မြင်ခဲ့ပြီးခါမှ…
ငါတို့ တွေ ဘယ်လိုလုပ်.. ဒီမှာ ဆက်ရပ်နေနိုင်ကြဦးမှာလဲ...မီးကျီ…။
အစပြန်ရှာမရအောင် မျောပါသွားတဲ့
ဧရာဝတီရဲ့  အကျိုးအကြေတွေလေ…
အစအနပေါင်းများစွာ… အစိတ်စိတ် အမွှာမွှာ.. သိန်းသန်းမက
ပင်လယ်တွေထဲ ..စီးကြွေသွားကုန်ကြပြီ…
သမုဒ္ဒရာလေးစင်းကြား .နစ်စင်းမြုပ်ဝင် သွားကြ ရှာလေပြီ…။
မာခ့်တွိန်းက သူ့  မစ္စစ္စပီကို စာတစ်အုပ် ဖတ်မဝသလိုမျိုး…
နင်လည်း ဧရာဝတီကို .သောက်ခဲ့ ချိုးခဲ့.. ကလူခဲ့ မြူခဲ့…
ငါလည်း ဧရာဝတီကို .နမ်းခဲ့ ပွေ့ ခဲ့.. ထိခဲ့ ကိုင်ခဲ့…
သူတို့ လည်း ဧရာဝတီကို ..သုံးခဲ့ ခပ်ခဲ့…ရှာခဲ့ ဖွေခဲ့….
အို…..ခုတော့
အဲဒီ ဧရာဝတီဟာ နောက်ပြန်စီးနေပြီ…
ငါတို့ တွေက..မစ္စစ္စပီမှာပဲ ..ပျော်ပွဲစားထွက်ရင်း.. မေ့ မေ့ သွားကြပြီလား….။
(၂)
မိတ်ကပ်လေး.. တို့ ပတ်လေး ရိုက်နေတဲ့ အငြိမ့်သမလေးရယ်
ကမ်းနဖူးမှာ တကြော်ကြော် တေးဆိုနေသတဲ့…..
ဧရာဝတီလည်း .မြေပြိုဖူးပါတယ်..
သစ်ပင်ကို ဆွဲမှီထားပေမယ့်လို့ … ဆံစကလေးကလွင့်လို့ ... နှတ်ခမ်းလေးက သွေးခြေဥလို့ ..
ဖြစ်နေခဲ့ရှာတဲ့ ...သားကလေးရယ်.. သားကလေးရယ်…တဲ့…။
ရှာပေးချင်သကွဲ့ …
မားမားမတ်မတ် ရပ်လို့  ဧရာဝတီဟာလေ..
ဒါပေမယ့်
အရေးအကြောင်း အပြည့်နဲ့  မွဲခြောက်ခြောက် မျက်နှာဟာ.. အိုလို့ ..
သူ့ မျက်ဝန်းက စိုလို့ ..
ရှာပေးချင်သကွဲ့  တဲ့လေ…
နေလောင် မဲပြောင်နေတဲ့ ..ကျောပြင်ရယ်နဲ့ …
အသားမာတက်နေတဲ့..ခြေဖနောင့်ကြမ်းကြမ်း တွေရယ်နဲ့ ..
အရေခမ်း ရှုံ့ တွနေတဲ့ .လက်ချောင်းတွေရယ်နဲ့ …
အဲဒီသားကလေး ကိုပဲ..
ရောကူမြည်တမ်းနေလေရဲ့ …..။
(၃)
သူငယ်ချင်းတို့ ရယ်… မီးကျီရယ်…
ကိုယ်လွတ်ရုန်းတယ်ဆိုတာ လွယ်ပါတယ်ကွယ်..
ဧရာဝတီကိုယ်တိုင် သယ်မျှောသွားခဲ့ရရှာတဲ့..
သူ့ ရဲ့ အပိုင်းအစ တွေ..
တစ်ချို့ တစ်လေလေးသာ...ပင်လယ်ဝမှာ သောင်တင်နေကြရှာပေါ့..
ငါတို့ တွေကတော့ . ဒီမှာပဲ .ကျောက်ချရပ်နေကြတုန်းသတဲ့လား…။
(၄)
အစာအိမ် ဟောင်းလောင်းနဲ့  ဧရာဝတီဟာလေ..
သူ့ ကိုယ်သူ ရေလဲသန့် စင်..သနပ်ခါးရေကြဲလေးဆင်ပြီး
ငါတို့ ချဉ်ခြင်းမှန်သမျှ.. တပြူံးပြူံး နဲ့  ကျွေးဆဲမွေးဆဲပါကွဲ့ …
အာဟာရ တစ်စက်လေးမှ မကျန်တော့..
သူ့ ခမျာ ချူံးချူံးကျ မက ကျခဲ့လေပြီ..
ဒါနဲ့ တောင် ..သူဟာ ပျူငှာရန်ကောကွယ်….။
လေတွေကလည်းကြမ်းကြမ်း ..ပင်လယ်ကလည်း ရမ်းရမ်း
သူတစ်ဦးတည်း ကြံ့ ကြံ့ခံ ရင်ဆိုင်နေသေးပါရဲ့ ….
ယပ်တောင်လေးတစ်ချက် နှစ်ချက် ခတ်ပေးရုံနဲ့ တော့
ပက်ကြားအက်နေတဲ့ သူ့ ရင်ဘတ်ဟာ
မအေးမြနိုင်ပါဘူး…။
(၅)
ကံကိုပုံချပြီး စုတ်တသပ်သပ် မနေပါနဲ့ လား မီးကျီရယ်…
အဲဒီ ဧရာဝတီဟာ
ငါတို့  နင်တို့  သူတို့ ထက်
အဆမတန်အောင်ပဲ ...သူတော်ကောင်းဆန်လွန်းပါရဲ့ ..
သူ့ ရင်ကိုခွာ..သူ့ ကျောကိုခင်းပြီး.. အားလုံးကို နင်းလျှောက်သွားစေတဲ့သူပါ…
ဒါပေမယ့်လေ..
နေဝင်ရီသရောဆို...
ဧရာဝတီပေါ်မှာ.. သားခေါ်သံတေးသီချင်းလေး
ဆွေးမြည့်မြည့် .ရှိနေဦးမတဲ့...
ဧရာဝတီဟာ ဆိတ်ဆိတ်နေပြီး
အံကြိတ် အသံတိတ် မျက်ရည်ကျနေရှာရသတဲ့…
သူ့ ကိုယ်ကိုမှီပြီး
တောက်ပရီလဲ့ ခဲ့တဲ့ မနက်ခင်းတွေလည်း
အငွေ့ တလူလူသာ..ကျန်လို့ …
သူ့ ဆီ ဘာအလင်းမှ မသာတော့
ဧရာဝတီဟာ ငြိမ်ငြိမ်သက်သက်နဲ့ 
ဆူဝေစွာ အမှောင်ကျနေဆဲပေါ့….။
(၆)
သူငယ်ချင်းတို့ ရေ… မီးကျီရေ…
ဧရာဝတီကို ..မြင်ခဲ့ပြီးခါမှ
ငါတို့ တွေ.. ဒီမှာ.. ဘယ်လို စုံပေ ရပ်နေကြဦးမှာလဲ….။
သူ့ မျက်နှာဟာ...နင့်မျက်နှာပါပဲ…
သူ့ အသံဟာ..နင့်အသံပါပဲ…
သူ့ သွေးခုန်နှုန်းဟာ ..နင့်သွေးခုန်နှုန်းပါပဲ…
တကယ်တော့လေ…
ဧရာဝတီဆိုတာ….
နင့်ကိုယ်ထဲမှာ ဝင်စီးဆင်းနေတဲ့
မြစ်တစ်မြစ်…. နင်ကိုယ်တိုင်ပဲ ဖြစ်နေလို့ ပေါ့…..
မီးကျီရယ်……။
မြေပြင်မှာ ကြယ်တွေ
တလင်းလင်း တလက်လက်
တပြိုးပြိုး တပြက်ပြက် နဲ့ …။
ဘယ်လောက်ပဲ
ဖုံးထား ဖိထား သိုထား ဝှက်ထား
လှောင်ထား ပိတ်ထား ချုပ်ထား နှောင်ထား ပစေဦးပေါ့ …
ဘယ်လောက်ပဲ
အလင်းရောင်တွေ ဖယ်ထား ရှားထား ရှင်းထား လင်းထား ခံရတဲ့
နေ့ တွေ ညတွေ ရှိနေ ပစေဦးပေါ့ …
ဘယ်လောက်ပဲ
ချိုးထား နှိမ်ထား နင်းထား ခြေထား
မှောင်အတိမှာ နှလုံးသားများ
နာညည်းနေခဲ့ပစေဦးပေါ့ ….
ဟောဒီမှာ
ကြယ်တွေရယ်လေ..
တလင်းလင်း တလက်လက်
တဖိတ်ဖိတ် တတောက်တောက်
တပြိုးပြိုး တပြက်ပြက် နဲ့ …။
စက်တင်ဘာ ၂၀၀၇

ငါပိုင်ဆိုင်တာ..
ဟောဒီစကြဝဠာတစ်ခုလုံးမှာမှ
ကဗျာရေးတဲ့လက်တစ်စုံပါကွယ်..။
ပြတင်းပေါက်မှာ စီးနေတာ
ရေခမ်းမြစ်တစ်စင်းတဲ့..
ငါကန္တာရ မှာစီးနေတာကတော့
အချစ်ခမ်းတဲ့ နှလုံးသားတစ်ခုပါ..
အမှိုက်သရိုက်တွေ မြေနီမြေခဲတွေလည်းပါရဲ့ 
အရေခွံလဲထားတဲ့ လူတွေလည်းပါရဲ့ ..
ရွှံ့ နွံ၊ ဗေဒါတွေလည်းပါရဲ့ 
ခရမ်းပြာရောင် အပြုံးတွေလည်းပါရဲ့ 
အောက်ဆုံးက မပျက်သုဉ်းးတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေလည်းပါရဲ့ 
မိုးမလင်းတဲ့ အလွမ်းခါးခါးတွေလည်းပါရဲ့ 
မှော်ပင်ရိုင်းတွေ ကျောက်စရစ်တွေလည်းပါရဲ့ 
အရောင်စွန်းနေတဲ့ အချိန်ဇယားတွေလည်းပါရဲ့ 
အားလုံးမျောနေကြ..ရောနေကြ
အဲဒါတွေပဲ
ငါတော့ကောက်ရထားခဲ့..။
ကံမကောင်းမှုတွေ …ကံမကောင်းမှုတွေ…
အချိန်းအချက်နဲ့ များ
ဒရောသောပါး ဝင်ဆောင့်ရော့သလား..
ငါကိုယ်တိုင်က ကံမကောင်းမှုများကို
ဆွဲဆောင်ရာ….သံလိုက်တုံးကြီးဖြစ်နေလို့ …။
အစစ်အမှန်ပေးလျက်
အစစ်အမှန်ပြန်မရဖန်များတော့
ငါ့မှာ..လက်ကျန်အစစ်အမှန်လေးတောင်
ပျောက်ပျက်သွားပေါ့..။
အိုင်းစတိုင်းပြောတဲ့
စည်းနဲ့ ကမ်းနဲ့ တည်ဆောက်ထားတဲ့ ဒီစကြဝဠာမှာ
စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ဖြစ်နေတာငါ
လက်ဆုပ်လက်ကိုင် မရှိတာငါ..
သွမ်းရမ်းတေလေတာ ငါ..
ခံစားချက် တွေလည်း ခံစားရလွန်းလို့ 
ခမ်းခမ်းသွားခဲ့..
မင်းတို့ မြင်စေချင်တယ်…။
ခုတော့…. မနက်တိုင်းဟာ
အဖြူအမည်းဖြစ်နေတယ်..
မျက်လုံးဖွင့်ပြီးအိပ်ခဲ့လို့  မျက်လုံးပိတ်ပြီးနိုးထလာ
ဒီလို အရောင်နာ မနက်ခင်းမှာ
အနှစ်ချုပ်တော့
ငါ့ရင်ထဲ ရုပ်ပျက်ဆင်းပျက် သေဆုံးပေါ့..။
နတ်မြစ်ထဲ ခုန်ချလို့ 
လိုရာဆုပြည့်ခွင့် ရရင်
အတိတ်မေ့တာတောင်းမယ်
မမြင်တတ် မကြားတတ်တာတောင်းမယ်
စကားမပြောတတ်တာ တောင်းရင်
ပိုကောင်းမယ်ထင်ရဲ့ 
ငါမပိုင်တဲ့ ဟောဒီပါးစပ်နဲ့ 
စကားလုံးတွေ..အပြင်ထွက်ခွင့် ပေးရေး မပေးရေး
စစ်ပွဲတွေတိုက်နေရလို့ ….။
ဖေဖော်ဝါရီ ၁၉၉၆
အချိန်သည်လည်း ကျော်ဖြတ်ကူးသွားတဲ့.. မြစ်တစ်စင်းလို..
ငါကိုယ်တိုင် ဟိုဖက်ကမ်းရောက်သွားခဲ့ပြီးတောင်မှ
ဟိုဖက်ကမ်းကို ရောက်နေခဲ့မှန်းမသိခဲ့…။
နှစ်ကြိမ်မဆင်းနိုင်တော့ ဘယ်ရေကိုဘယ်ရေမှန်းမသိ
ယောင်ဝါးဝါးနဲ့ ကမ်းသာဆင်းလိုက်ခဲ့ရပြီ…။
လက်ချိုးရေလို့ စိတ်ထဲမှာမှတ်
ငါ့အသက် ဘဝတစ်ဝက်ကျိုးခဲ့ပြီးတော့မှ
နင်ကအချစ်ဆိုတာကို မသိရကောင်းရော့လားတဲ့…။
ငါ့ကို ထုခဲ့နှက်ခဲ့ အကြိမ်ကြိမ်
ပြုံးခဲ့မဲ့ခဲ့ဖူးတဲ့…ဟောဒီမျက်နှာပေါင်းတစ်သောင်း
နင်ဘယ်နှယ့်လို့…ပြောရက်ခဲ့သလားကွယ်…။
မသိလိုက်မသိဖာသာနေတိုင်း
ငါ..အာရုံတွေမရှိလို့ နင်ထင်ရင် မှားလိမ့်မယ် “ မီးကျီ”…။
နောက်မြစ်တစ်စင်းကို ငါမကူးခင်
နင့်ကို ဒီမှာတင် နှုတ်ဆက်လိုက်ပါ့မယ်…
ငါပေးနိုင်တာတွေပေးခဲ့ပြီးတောင်မှ
နင်မပြည့်ဝသေးဘူး ထင်ချင်သေးရင်လည်း ထင်ကျန်ရစ်ပါစေလေ…
ငါကတော့ လှမ်းမြင်နေတုန်း လက်ပြလိုက်ဦးမယ်…
ကျန်နေဦးရစ်တော့ ဒီကမ်းပါးထိပ်ဆီမှာပဲ “မီးကျီ” ရယ်…..